လှည့်စားမှုဆိုသည်မှာ သင့်ငွေကြေးကို ရယူရန် တစ်စုံတစ်ဦးမှ သင့်အား လှည့်စားသည့်ခြင်း ဖြစ်ပါသည်။ လှည့်စားသူများသည် ၎င်းတို့သည် အစစ်အမှန် ဖြစ်ကြောင်းနှင့် သင့်အား တစ်နည်းနည်းဖြင့် ကူညီပေးနိုင်ကြောင်း ဟန်ဆောင်ရာတွင် ကျွမ်းကျင်ကြပါသည်။
လှည့်စားခြင်းများကို သတိထားဂရုပြုပုံ
အောက်ပါများသည် လှည့်စားမှု၏ အဓိက လက္ခဏာများ ဖြစ်ပါသည်။
- သင် မမျှော်လင့်ထားသောအချိန်တွင် ဆက်သွယ်သည် - တစ်ဦးတစ်ယောက်မှ သင့်ဘဏ်စာရင်း သို့မဟုတ် အင်တာနက်ကဲ့သို့သော အကြောင်းအအရာများကို ကူညီပေးရန် သို့မဟုတ် သင့်အား ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းလာကြသည်။
- ကမ်းလှမ်းချက်သည် အရမ်း ကောင်းလွန်းနေသည်- ၎င်းသည် 'ချက်ချင်းချမ်းသာရန်' အစီအစဉ်နှင့် တူပြီး မဖြစ်နိုင်ပါ
- ငွေလွှဲခြင်း သို့မဟုတ် ဆုံးဖြတ်ချက် ချက်ချင်းချခြင်းကဲ့သို့သော မြန်မြန်ဆန်ဆန် တစ်ခုခု လုပ်ရန် သင့်အား ဖိအားပေးခံရတတ်သည်။
လှည့်စားသူသည် သင့်အား အောက်ပါတို့ကို တောင်းဆိုနိုင်သည်-
- လက်ဆောင်ကတ်များကဲ့သို့သော ပုံမှန်မဟုတ်သောနည်းလမ်းဖြင့် တစ်ခုခုအတွက် ပေးဆောင်ပေးရန်
- သင်၏ သုံးသူအမည်အကြောင်း အချက်အလက်များကို ပေးရန် သို့မဟုတ် ၎င်းတို့အား သင်၏စကားဝှက်များ သို့မဟုတ် အခြားကိုယ်ရေးဆိုင်ရာအသေးစိတ်အချက်အလက်များကို ပေးရန်
- သူတို့မှ သင့်အား 'ပြန်အမ်းငွေ' ပေးနိုင်ရန် သင်၏ ဘဏ်စာရင်းအသေးစိတ် အချက်အလက်များကို အတည်ပြုပေးရန်
- ၎င်းတို့အား ဘဏ်အတည်ပြုကုဒ်များ ပေးရန်
- ၎င်းတို့ ပို့ပေးသော လင့်ကို နှိပ်ရန်
- ၎င်းတို့ပေးသော ဆာ့ဖ်ဝဲလ်ကို ဒေါင်းလုပ်ဆွဲရန်
- ၎င်းတို့အား သင့်ကွန်ပြူတာကို အဝေးမှ ဝင်ရောက်အသုံးပြုခွင့် ပေးပြီး ကွန်ပျူတာ ပြသနာကို (ပြသနာ တကယ်မရှိ) ‘ပြင်ရန်’
လှည့်စားခြင်းများမှ ကိုယ့်ကိုယ်ကို ကာကွယ်ပုံ
ရပ်ပါ
မမျှော်လင့်ဘဲ ဆက်သွယ်လာပါက မတုံ့ပြန်မီ ရပ်၍ စဉ်းစားပါ။
စစ်ဆေးပါ
ဆက်သွယ်လာသူသည် အမှန်တကယ် ရှိသော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း ဟုတ်မဟုတ် စစ်ဆေးပါ။
၎င်းတို့၏ အများသိသော ဖုန်းနံပါတ်ကို ရှာဖွေပါ။ သို့မဟုတ် ထိုလူကို သိပါက ၎င်းတို့ကို တိုက်ရိုက်ဖုန်းခေါ်ဆိုပြီး သင့်အား အမှန်တကယ် ဆက်သွယ်ခြင်း ဟုတ် မဟုတ် မေးမြန်းပါ။
သင့်ဘဏ်စာရင်းများ၊ ငွေကြေးယုံကြည်မှုအစီရင်ခံစာနှင့် အွန်လိုင်းစျေးဝယ်စာရင်းများတွင် သံသယဖြစ်ဖွယ် ငွေဝင်ငွေထွက်များကို ပုံမှန် စစ်ဆေးပါ။
ဆောင်ရွက်ပါ
တစ်ခုခုသည် မမှန်မကန်ဟု သံသယရှိပါက မြန်မြန်ဆောင်ရွက်ပါ။ ဖုန်းစာတို သို့မဟုတ် အီးမေးလ်ကို ပိတ်ပါ သို့မဟုတ် ဖျက်ပါ သို့မဟုတ် တယ်လီဖုန်းကို ချပါ။
မည်သည့်ပိုက်ဆံမျှ မပို့ပါနဲ့။ သို့မဟုတ်၊ သင်သည် ငွေလွှဲပို့ပြီးပါက၊ လည့်စားမှုသတင်းပို့ရန် သင့်ဘဏ် သို့မဟုတ် ငွေရေးကြေးရေး အဖွဲ့အစည်းသို့ ချက်ချင်း ဆက်သွယ်ပါ။
သင့်မိသားစုနှင့် သူငယ်ချင်းများအား လှည့်စားမှုအကြောင်းကို သတိပေးပြီး သင့်ဆုံးရှုံးသွားသောငွေကို ပြန်လည်ရယူရန်အတွက် နောက်ဆက်တွဲ 'ကမ်းလှမ်းချက်များ' ကို သတိထားပါ။
ငွေကြေးပါးနပ်ပါစေ
လှည့်စားသူများထံမှ သင့်ကိုယ်သင် ကာကွယ်ရန် အောက်ပါအကြံပြုချက်များကို လိုက်နာပါ-
- ဘဏ်လုပ်ငန်း၊ ရင်းနှီးမြုပ်နှံမှု၊ စျေးဝယ်ခြင်းအတွက် ယုံကြည်စိတ်ချရသော ဝဘ်ဆိုဒ်များကိုသာ အသုံးပြုပါ - ဝဘ်ဆိုဒ်လိပ်စာတွင် 'သော့ခလောက်'အမှတ်အသားကို ရှာပါ
- သံသယဖြစ်ဖွယ် အီးမေးလ်များ သို့မဟုတ် ဖုန်းစာတိုများတွင် လင့်ခ်များကို မနှိပ်ပါနှင့်
- သံသယဖြစ်ဖွယ်ရှိပါက သင့် ငွေအဝင်အထွက်များကို စစ်ဆေးပါ။
- ခက်ခဲသော စကားဝှက်များကို အသုံးပြုပြီး ၎င်းတို့ကို ၆လ တစ်ကြိမ် ပြောင်းလဲပါ။
- သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို လုံခြုံအောင်ထားပါ – မွေးသက္ကရာဇ်၊ လိပ်စာ၊ အီးမေးလ်၊ ဆိုရှယ်မီဒီယာ အဆက်အသွယ်များ
- သင့်ကွန်ပျူတာနှင့် ရွှေ့နိုင်သောပစ္စည်းများကို လုံခြုံအောင်ထားပါ – ၎င်းတို့ကို အိမ်တွင် လုံခြုံသောနေရာတွင် ထားပြီး၊ ယုံကြည်စိတ်ချရသော ရောင်းချသူထံမှ ဗိုင်းရပ်စ်ဆော့ဖ်ဝဲကို အသုံးပြုပါ။
လှည့်စားခံရပါက လုပ်ဆောင်ရန်များ
သင် လှည့်စားခံရပါက၊ အောက်ပါအဆင့်များကို လိုက်နာပါ။
- ငွေ ထပ်မပို့ပါနဲ့။ လှည့်စားသူထံမှ အဆက်အသွယ် အားလုံးကို ဟန့်တားပိတ်ဆို့ပါ။
- လှည့်စားမှု သတင်းပို့ရန် သင့်ဘဏ် သို့မဟုတ် ငွေကြေးအဖွဲ့အစည်းကို ချက်ချင်း ဆက်သွယ်ပါ။ ၎င်းတို့အား ငွေကြေးအဝင်အထွက်မှန်သမျှ ရပ်ခိုင်းပါ။
- လည့်စားမှုအကြောင်း သင့်မိသားစုနှင့် သူငယ်ချင်းများကို သတိပေးပါ။
- သင် ထပ်မံပေးပါက သင့်ငွေ ပြန်ရရန် 'ကမ်းလှမ်းချက်များ' ပါသော နောက်ဆက်တွဲ လှည့်စားမှုများကို သတိထားပါ။
လှည့်စားသူတွင် သင့် ကိုယ်ရေးကိုယ်တာအချက်အလက်များရှိပါက IDCARE ၁၈၀၀ ၅၉၅ ၁၆၀ (တနင်္လာနေ့မှသောကြာနေ့၊ နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ) သို့ ဆက်သွယ်ပါ။ ဆုံးရှုံးမှုကို တားဆီးရန် ၎င်းတို့သည် သင့်အား (အခမဲ့) အစီအစဉ်တစ်ခု ပြုလုပ်ရာတွင် ကူညီနိုင်သည်။
လှည့်စားခံရခြင်းသည် အလွန်ဆိုးဝါးသော အတွေ့အကြုံတစ်ခု ဖြစ်ပါသည်။ အကယ်၍ သင်သည် တစ်စုံတစ်ဦးနှင့် စကားပြောဆိုရန် လိုအပ်ပါက (တစ်ရက်လျှင် ၂၄ နာရီ၊ တစ်ပတ်လျှင် ၇ ရက်)၊ Lifeline ၁၃ ၁၁ ၁၄ သို့မဟုတ် Beyond Blue ၁၃၀၀ ၂၂၄ ၆၃၆ သို့ ဆက်သွယ်ပါ။
လိုအပ်ပါက အကူအညီရယူပါ။
သင်လိုအပ်ပါက အခမဲ့ အကူအညီ ရရှိနိုင်သည်-
- သင့်ဘာသာစကားဖြင့် အကူအညီရရန် ဘာသာပြန်ခြင်းနှင့် စကားပြန်ခြင်းဌာန TIS National ၁၃၁ ၄၅၀သို့ ဖုန်းခေါ်ဆိုပါ။ သင်အတွက် လိုအပ်သည့် ဝန်ဆောင်မှုကို ခေါ်နိုင်ရန် စကားပြန်တစ်ဦးကို ပေးနိုင်ပါသည်။
- ငွေကြေးပြဿနာများကို ဖြေရှင်းရန် အကူအညီရရန် ၁၈၀၀ ၀၀၇ ၀၀၇ မှတဆင့် အခမဲ့ နိုင်ငံလုံးဆိုင်ရာ အကြွေး အကူဖုန်းလိုင်း (National Debt Helpline) ကို ခေါ်ဆိုပါ။ အကူဖုန်းလိုင်းကို တနင်္လာနေ့မှ သောကြာနေ့၊ နံနက် ၉း၃၀နာရီ မှ ညနေ ၄း၃၀နာရီ ထိ ဖွင့်လှစ်ထားသည်။