အာမခံသည် ပျက်ဆီးပျောက်ဆုံးမှုများအတွက် စိတ်ချရသော စနစ်တစ်ခုဖြစ်သည်။ အာမခံမှလျှော်ကြေးငွေသည် ပြုပြင်မှု၊ ဆေးကုသမှု၊ ခရီးစဉ် အပြောင်းအလဲ သို့မဟုတ် ခိုးယူမှုတို့အတွက် ကုန်ကျငွေကို ကာမိစေရန် ကူညီပေးနိုင်သည်။
အာမခံအလုပ်လုပ်ပုံ
အာမခံဝယ်သောအခါ တစ်ခုခု ပျက်ဆီးသွားနိုင်သည့် အန္တရာယ်မှ အကာအကွယ်ပေးရန် သင် လျှောက်ထားရပါသည်။
ဥပမာအားဖြင့်၊ သင်သည် သင်၏အိမ်နှင့်ကားကို အာမခံ ထားနိုင်သည်။ သင့်အာမခံပေါ်လစီပေါ် မူတည်၍ 'အာမခံပေးသူ' (အာမခံကုမ္ပဏီ) သည် တစ်စုံတစ်ခုပျက်ဆီးပါက သင့်အား လျှော်ကြေးငွေ ပေးပါမည်။ ဥပမာအားဖြင့် သင့်အိမ်သည် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားခြင်း သို့မဟုတ် သင့်တွင် ကားတိုက်မှုဖြစ်ခြင်း။ အိမ် သို့မဟုတ် ကားကဲ့သို့ ကြီးမားသောပစ္စည်း ဝယ်ရန် သင် ငွေချေးယူသည့်အခါ အာမခံထားရခြင်းသည် သင့်ချေးငွေ၏ အခြေအနေတစ်ခုဖြစ်သည်။
သင့်အား အာမခံ မပေးမီ၊ အာမခံသူက သင်၏ အန္တရာယ်အဆင့်ကို အကဲဖြတ်မည် ဖြစ်ပါသည်။ သင့်တွင် ယခင် အာမခံလျှော်ကြေးငွေ တောင်းဆိုမှုများ သို့မဟုတ် မတော်တဆထိခိုက်မှုများ သို့မဟုတ် လက်ရှိ ရောဂါများ ရှိ၊ မရှိ ၎င်းတို့က သုံးသပ်နိုင်သည်။
သင့်အခြေအနေသည် အရာများ ပျက်ဆီးပျောက်ဆုံးနိုင်ချေ ပိုများသည်ဟုဆိုပါက သင့်အား အန္တရာယ် ပိုများနိုင်သည်ဟု အကဲဖြတ်နိုင်ပါသည်။ ဥပမာအားဖြင့်၊ သင်သည် ရေကြီးတတ်သောနေရာတွင် နေထိုင်ပါက (အိမ်အာမခံအတွက်)။ သို့မဟုတ် သင်သည် ရာဇ၀တ်မှုနှုန်း မြင့်မားသော နိုင်ငံသို့ ခရီးသွားပါက (ခရီးသွားအာမခံအတွက်)။ သို့မဟုတ် သင်သည် အန္တရာယ်များသော အလုပ် လုပ်ပါက (အသက်အာမခံအတွက်)။
အာမခံစည်းကမ်းချက်များ
- အာမခံပေါ်လစီ - သင်နှင့် အာမခံသူကြားတွင် သင့်အတွက် အာမခံ ဝယ်ယူထားသော အရာများကို ရှင်းပြသော တရားဝင် သဘောတူညီချက်တစ်ခု။
- အာမခံပရီမီယံ - သင်၏အာမခံအတွက်၊ လစဉ် သို့မဟုတ် နှစ်အလိုက် ပေးရမည့် ငွေကြေး။ သင်၏အန္တရာယ် ပိုများပါက၊ သင်သည် ပရီမီယံကြေး ပိုမို ပေးဆောင်ရပါမည်။
- အာမခံ အပိုပေးရငွေ - သင့်အာမခံမှ လျှော်ကြေးငွေမရရှိမီ သင် မည်မျှ ကြိုတင်ပေးချေရန် လိုအပ်သည့် အပိုငွေ။
အာမခံအမျိုးအစားများ
အာမခံအမျိုးမျိုးသည် သင့်အား မတူညီသောအရာများအတွက် အကာအကွယ်ပေးပါသည်။ အောက်ပါတို့သည် အာမခံအမျိုးအစားအချို့ ဖြစ်ပါသည်။
- ကားအာမခံ – ပျက်စီးသွားသော သို့မဟုတ် ခိုးယူခံရသော သင့်ကားအတွက် ပေးရန်
- အိမ်အာမခံ (အဆောက်အအုံအာမခံ) - ရေကြီးခြင်း သို့မဟုတ် မီးလောင်ကျွမ်းခြင်းကဲ့သို့ တစ်စုံတစ်ခု ဖြစ်လာပါက အိမ် ပြန်လည် တည်ဆောက်အတွက် ပေးရန်
- အိမ်တွင်းပစ္စည်းအာမခံ - ပရိဘောဂများ၊ အသုံးအဆောင် ပစ္စည်းများ သို့မဟုတ် လက်ဝတ်ရတနာများကဲ့သို့ ပျက်စီး သို့မဟုတ် အခိုးခံရသော သင့်အိမ်တွင်းရှိပစ္စည်းများအတွက် ပေးရန်
- ကျန်းမာရေးအာမခံ - ဖျားနာခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရပါက ဆေးဘက်ဆိုင်ရာကုန်ကျစရိတ်များအတွက် ပေးရန်
- အသက်အာမခံ - သေဆုံးသောအခါ သတ်မှတ် ငွေကြေးပမာဏကို သင့်ပေါ်လစီတွင် သင် အမည်စာရင်းတင်သွင်းထားသောသူများထံ ပေးရန်
- ဝင်ငွေကာကွယ်မှုအာမခံ - ဖျားနာခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရမှုကြောင့် အလုပ်မလုပ်နိုင်ပါက သင့်ဝင်ငွေအချို့အတွက် ပေးရန်
- အိမ်မွေးတိရစ္ဆာန်အာမခံ - အိမ်မွေးတိရစ္ဆာန် နာမကျန်းဖြစ်လျှင် သို့မဟုတ် ထိခိုက်လာပါက တိရစ္ဆာန်ဆေးကုခအတွက် ငွေပေးရန်
- ခရီးသွားအာမခံ - ခရီးသွားနေစဉ် မတော်တဆမှု၊ နာမကျန်းမှု သို့မဟုတ် ကြန့်ကြာမှုအတွက် ပေးရန်
- အသုဘအာမခံ - သေသောအခါ သင့် အသုဘစရိတ်အတွက် ပေးဆောင်ရန်
အာမခံရွေးချယ်ပုံ
အာမခံမဝယ်မီ လိုအပ် မလိုအပ်၊ ဝယ်နိုင် မဝယ်နိုင် စစ်ဆေးသင့်သည်။ အာမခံအမျိုးအစားအချို့ကို သင်မလိုအပ်နိုင်ပါ၊ ထို့ကြောင့် သင့်အတွက် သင့်လျော်သည်ကိုသာ စဉ်းစားပါ။
အာမခံကို ရွေးချယ်သည့်အခါ မတူညီသော အာမခံပေးသူများမှ အကျုံးဝင်သည်များကို နှိုင်းယှဉ်ပါ။ စစ်ဆေးရန်-
- အာမခံပရီမီယံ - လစဉ် သို့မဟုတ် နှစ်စဉ် သင်ပေးရမည့် ငွေကြေး
- အကျုံးဝင်မှု ကန့်သတ်ချက် - အချို့အရာများ သို့မဟုတ် ဖြစ်ရပ်များအတွက် သင်တောင်းနိုင်သော လျှော်ကြေးငွေ
- ပေါ်လစီအပိုပေးရငွေ - အာမခံလျှော်ကြေးတောင်းရာတွင် ငွေမရရှိမီ သင်ပေးရမည့်ငွေ
- အကျုံးမဝင်ခြင်း- လျှော်ကြေးမပေးသော အရာများ သို့မဟုတ် အဖြစ်အပျက်များ
- ငွေပေးချေမှု - လစဉ်ပေးနိုင် မပေးနိုင် (အပိုစရိတ်မရှိဘဲ)
သင့်အာမခံလျှော်ကြေးတောင်းခြင်း
သင့်အာမခံလျှော်ကြေးတောင်းရန် သင့်ပေါ်လစီ ရောင်းချထားသော အာမခံပေးသူထံ ဆက်သွယ်ပါ။
သင်၏ လျှော်ကြေးတောင်းဆိုမှု အသေးစိတ်အချက်အလက်များကိုပေးပါ။
အောက်ပါအတိုင်း ဖြစ်ခဲ့သည်များကို ရှင်းပြပါ-
- မတော်တဆမှု သို့မဟုတ် ဖြစ်ရပ် - နေရာ၊ ဖြစ်ပျက်ပုံ၊ သက်ဆိုင်ရာ အစီရင်ခံစာများ
- သင် လျှော်ကြေးတောင်းဆိုလိုသော အရာ - ပြုပြင်ခြင်း၊ ကျန်းမာရေးစရိတ်များ၊ ပြန်လည် တည်ဆောက်ခြင်း၊ အစားထိုးခြင်း၊ ဆုံးရှုံးသွားသောဝင်ငွေ
ကြာမြင့်သည့်အချိန်
အာမခံလျှော်ကြေးတောင်းဆိုမှုသည် လနှင့်ချီ၍ ကြာနိုင်သည်။ သို့မဟုတ် အာမခံအမျိုးအစားပေါ် မူတည်၍ နှစ်များ ကြာနိုင်သည်။
သင့်လျှော်ကြေးတောင်းဆိုမှုကို အကဲဖြတ်နေစဉ်တွင် အရေးပေါ် ငွေအကူအညီ လိုအပ်ပါက သင့်အာမခံပေးသူထံ ဆက်သွယ်ပါ။
လိုအပ်ပါက အကူအညီရယူပါ။
သင်လိုအပ်ပါက အခမဲ့ အကူအညီ ရရှိနိုင်သည်-
- သင့်ဘာသာစကားဖြင့် အကူအညီရရန် ဘာသာပြန်ခြင်းနှင့် စကားပြန်ခြင်းဌာန TIS National ၁၃၁ ၄၅၀သို့ ဖုန်းခေါ်ဆိုပါ။ သင်အတွက် လိုအပ်သည့် ဝန်ဆောင်မှုကို ခေါ်နိုင်ရန် စကားပြန်တစ်ဦးကို ပေးနိုင်ပါသည်။
- ငွေကြေးပြဿနာများကို ဖြေရှင်းရန် အကူအညီရရန် ၁၈၀၀ ၀၀၇ ၀၀၇ မှတဆင့် အခမဲ့ နိုင်ငံလုံးဆိုင်ရာ အကြွေး အကူဖုန်းလိုင်း (National Debt Helpline) ကို ခေါ်ဆိုပါ။ အကူဖုန်းလိုင်းကို တနင်္လာနေ့မှ သောကြာနေ့၊ နံနက် ၉း၃၀နာရီ မှ ညနေ ၄း၃၀နာရီ ထိ ဖွင့်လှစ်ထားသည်။